သွေးခဏခဏတိုးရင် ကျောက်ကပ် ပျက်စီးမှာလား
သွေးတိုးက ကျောက်ကပ် ထိခိုက်စေသလားဆိုတာကို သွေးတိုးခြင်းက ကျောက်ကပ်ပျက်စီးရခြင်းရဲ့ အဓိက အကြောင်းအရင်း တစ်ခုလို့ ဆိုရပါမယ်။ သွေးတိုးတာက ကျောက်ကပ်ထဲက သွေးကြောလေးတွေကို ကျဉ်းမြောင်းစေပြီး သွေးလုံလောက်စွာ ရရှိဖို့ ခက်ခဲစေပါတယ်။ ဒီအခြေအနေကပဲ ကျောက်ကပ်ကို ထိခိုက်စေတာပါ။
သွေးတိုးတယ်ဆိုသည်မှာ
သွေးတိုးတယ်ဆိုတာက သွေးတွေက သွေးကြောနံရံတွေကို အားစိုက်တွန်းရသလို နှလုံးကလည်း ခန္ဓာကိုယ်အနှံဆီကို သွေးတွေ ရောက်ရှိစေဖို့ အားစိုက်ညှစ်ထုတ်ရတဲ့ အနေအထားကို ဆိုလိုတာပါ။ သွေးပေါင်ချိန်အားဖြင့် ပုံမှန် ရှိရမယ့် သွေးပေါင်ချိန် ဖြစ်တဲ့ 120/80 mmHg အထက်ကို ရောက်ရှိနေတာပါ။ ဥပမာ သွေးပေါင်ချိန် ချိန်လိုက်လို့ 140/90 mmHg ဒါမှမဟုတ် ဒါ့ထက် အထက် ဖြစ်နေမယ်ဆိုရင် သွေးတိုးနေတာပါ။ သွေးတိုးတာက မသိလိုက်ဘဲ တိတ်တဆိတ် ရှိနေနိုင်တာကြောင့် ပုံမှန် သွေးပေါင်ချိန် တိုင်းဖို့ လိုပါမယ်။
သွေးတိုးခြင်းကြောင့် ကျောက်ကပ်မှာ ဘယ်လို ထိခိုက်သလဲ?
သွေးတိုးတာက သွေးတွေကို သန့်စင်ဖို့ လုပ်ဆောင်ပေးတဲ့ ခန္ဓာကိုယ်ရဲ့ သန့်စင်မှုစနစ် ကျောက်ကပ်ထဲက သွေးကြောတွေကို ဖိအားတွေ တိုးစေပြီး အချိန်ကြာလာတဲ့အခါ သွေးကြောနံရံတွေကို ထူလာစေပါတယ်။ ဒီလိုနဲ့ ကျောက်ကပ်မှာ အမာရွတ်တွေ ဖြစ်လာပါတယ်။ ဒီအခြေအနေက ကျောက်ကပ်ကို ကောင်းကောင်းလုပ်ဆောင်နိုင်စွမ်း မရှိတော့တဲ့အခြေအနေ (နာတာရှည် ကျောက်ကပ်ရောဂါ) ဖြစ်စေပြီး ကျောက်ကပ်က ကိုယ်တွင်းက အညစ်အကြေးတွေနဲ့ အရည်ပိုတွေကို မစွန့်ထုတ်နိုင်တဲ့ အနေအထားကို ဖြစ်စေပါတယ်။ ကျေက်ကပ်က ကောင်းကောင်း အလုပ်မလုပ်နိုင်ချိန်မှာ ကိုယ်တွင်းမှာ ဟော်မုန်းအချို့ရဲ့ ပမာဏ တိုးလာသလို ကိုယ်ထဲမှာ ဆားဓာတ်နဲ့ ရေဓာတ်တွေ စုပုံလာတာကြောင့် သွေးတိုးတာကို ဖြစ်စေပါတော့တယ်။
ဒီအခြေအနေက လူကြီးပိုင်းတွေမှာ အဖြစ်များတယ်ဆိုပေမယ့် အရွယ်မရွေးဖြစ်နိုင်ပါတယ်။ သွေးတိုးတာကြောင့် ကျောက်ကပ်ထိခိုက်တဲ့အခါ ကျောက်ကပ်ဆီကို သွေးထောက်ပံ့နေတဲ့ သွေးကြောတွေက လုံးဝဖြစ်စေ တစ်စိတ်တစ်ပိုင်း ဖြစ်စေ ပိတ်ဆို့သွားပါတယ်။ ဒီသွေးကြောတွေက နှလုံးဆီကနေ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို ကျောက်ကပ်ဆီကို ပို့ဆောင်ပေးနေတာပါ။ တကယ်လို့ ကျောက်ကပ်က လုံလောက်တဲ့ အောက်ဆီဂျင်ကို မရရှိဘူးဆိုရင် ကျောက်ကပ် သွေးကြောတွေ ကျဉ်းမြောင်းပိတ်ဆို့လာပြီး ကျောက်ကပ်ပျက်စီးလာမှာပါ။
သွေးမတိုးအောင် ကာကွယ်လို့ရမလား?
သွေးတိုးတာက အရွယ်တိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် မဖြစ်အောင် ကာကွယ်လို့ ရပါတယ်။ နေထိုင်စားသောက်ပုံကို ဂရုစိုက်တဲ့ နည်းနဲ့ပေါ့။
- ကျန်းမာရေးနဲ့ ညီညွတ်အောင် အစားအစာရွေးချယ်တာမျိုးပေါ့။ ဥပမာ - အငန်ကဲတာ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စား အစားအစာတွေအစား အသီးအရွက်တွေ၊ ပဲအမျိုးမျိုး၊ သစ်သီးစတာတွေကို စားပေးပါ။
- ရေများများသောက်ပါ။ သွေးတိုးကျစေဖို့ နဲ့ ကာကွယ်ဖို့ နည်းလမ်းကောင်း တစ်ခုက ရေလုံလောက်အောင် သောက်တာပါ။ ရေလုံလောက်အောင် သောက်တာက ကျောက်ကပ်ကိုလည်း ကျန်းမာစေပါတယ်။
- ကိုယ်အလေးချိန် ထိန်းပါ။ အဝလွန်တာ၊ ရှိသင့်တဲ့ BMI ထက် များနေတာက သွေးတိုးစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ထိန်းပါ။
- ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။ တစ်နေ့တာမှာ မလုပ်ဖြစ်ရင်တောင် ၁၅ မိနစ်လောက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်တာ၊ နာရီဝက်လောက် လမ်းလျှောက်တာက သွေးတိုးကျစေနိုင်သလို သွေးတိုးဖြစ်မလာအောင်လည်း တားဆီးပေးမှာပါ။
- ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်တာက အဆုတ်ကိုတင် ထိခိုက်စေတာ မဟုတ်ပါဘူး။ နှလုံးကိုလည်း ထိခိုက်စေသလို သွေးတိုးတာကိုလည်း ခံစားရနိုင်ခြေ များစေပါတယ်။
- အရက်ဖြတ်ပါ။ အရက်သောက်တာက သွေးတိုးစေနိုင်ပါတယ်။ ရေရှည်မှာ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်တာကြောင့် အရက်ဖြတ်ပါ။
- အိပ်ရေးဝဝအိပ်ပါ။ အိပ်ရေးဝခြင်းက သွေးတိုးတာကို ကာကွယ်တာပါပဲ။ ညစဉ် အနည်းဆုံး ၇ နာရီ အများဆုံး ၈ နာရီိ အိပ်ချိန် ရှိအောင် အိပ်ပေးပါ။
အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေကို လိုက်နာပြီး သွေးမတိုးအောင် ကာကွယ်ရင်း ကျောက်ကပ်ရဲ့ ကျန်းမာမှုကို စောင့်ရှောက်လိုက်ပါ။
မွန်မွန်